Friday, May 28, 2010

chanai မြို့သို့အလည်တစ်ခေါက်

ဗာရာဏသီမြို့ ဟိန္ဒူတက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ပြီးသွားတဲ့ ဆရာသမားဟာ ၂၀၁၀ မတ်လမှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင်ခမ်းမမှာ သူကြိုးစားထားသမျှ အမောပြေအောင်လက်မှတ် ဒေါက်တာဘွဲ့လက်မှတ် ယူဖို့ ဗာရာဏသီမြို့ကို ဆိုက်ဆိုက်မြိုက်ရောက်လာပါတယ်။ ပင်ပန်းခဲ့သမျှတွေ အမောပြေသွားတဲ့အချိန်ပေါ့။ စာသင်သားလောကမှာတော့ အောင်မြင်မှုတွေက ဘ၀အတွက်အင်အားတွေပါ။ ဒါကြောင့်လည်း သူထက်ငါ ကြိုးစားနေကြတာပါ. ရွှေပြည်ကြီးအတွက်တော့ အားရစရာပါဘဲ။ ဖုတ်ပူမီးတိုက်လာရတဲ့ ဆရာသမားခရီးစဉ်ကတော့ အဆင်ပြေတယ်လို့ပဲ ဆိုကြပါစို့။ အဲ့ဒိလိုအလောတကြီးလို့ ကိစ္စက တစ်ခုတည်းမမှတ်နဲ့ဗျ.. သူ့ရဲ့တပည့်ကျော်တစ်ပါးကို သီရိလင်္ကာနိုင်ငံကို ပညာသင်သွားဖို့ ခေါ်လာပါသေးတယ်..ဒီကလည်းအလောတကြီး ရှေ့ဆက်ခရီးသွားရမယ့် သူအတွက်အရေးကကြီး ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး။ နောက်ထပ် ကျေးဇူးကြီးပါတယ်ဆိုတဲ့ သူငယ်ချင်း တစ်ပါးတလည်း ပါလညသေးတယ်။ သူ့ကိုလည်း ဘုရားဖူးအနှံ့ပို့ပေးရဦးမှာတဲ့။ ပြီးတော့လည်း မြန်မာပြည်ကိုလည်း ခပ်စောစောပြန်ချင်တယ်တဲ့ဗျာ။ စာဖတ်သူတွေ ခေါင်းကိုက်သွားလားတော့မသိဘူး။ ဒါနဲ့ အဲ့ဒိခရီးစဉ်တွေကို အကုန်လုံး သတ်မှတ်ချိန်ပြီးအောင် ရထားလက်မှတ် ကားလက်မှတ် ဟိုတယ် စသည်စီစဉ်ရတာနည်းနည်း အခက်အခဲဖြစ်တာကလွဲလို့ ကျန်တာတွေ အားလုံးအဆင်ပြေခဲ့ပါတယ်ဗျာ။ ဗာရာဏသိကနေ မတ်လ ၅ ရက်နေ့ကထွက်တာ ၂ ညအိပ်သုံးရက်ခရီးစဉ်ဆိုတော့ ချနိုင်းကို ၇ ရက်ရက်နေ့ ညနေဘက်ရောက်သွားတယ်. ရထားပေါ်မှာ အချိန်ကုန်ခဲ့ရတယ်ဗျာ။ အေစီမို့သာ တော်ပါသေးတယ်ဗျာ။ မတ်လဆိုတော့ နွေရာသီရောက်ခါစမို့ အပူဒဏ်နည်းနည်းပဲ ခံလိုက်ရတာ. ရိုးရိုးတန်းကသာဆိုရင် သေမလောက်ခံစားရအောင် ဒုက္ခရောက်ပါတယ် ရတားစီးရတဲ့ဒုက္ခကိုတော့ မပြောပါတော့နဲ့။ ဒါနဲ့ ချနိုင်းရောက်တုန်းရောက်ခိုက်ဆိုပြီး လျှောက်လည်ကြတယ်။ သွားစရာနေရာကတော့ marina beach ဆိုတဲ့ကမ်းခြေလေးတစ်ခုလောက်ပါဘဲ ကျန်တဲ့နေရာတွေကတော့ ကိုယ်ပဲမသိလို့လား နာမည်ကြီးတာပဲ မရှိလို့လား မသိဘူး မရောက်ခဲ့ပါဘူး။ ဆရာသမားကတော့ သူဆီပါလာတဲ့ ဖုန်းနံပါတ်လေးကို ဖုန်းဆက်လိုက်တော့ သူ့အသိဒကာတစ်ယောက်ရောက်လာတယ်. မြန်မာပြည်မှာ ရှိတဲ့သမိးက လက်ဆောင်ပေးလိုက်တာ လက်ဆင့်ကမ်းတာဖြစ်မှာပါ။ သူကလည်း ဗမာစကားမတောက်တစ်ခေါက်နဲ့ ၀ါကျတွေ ဗြောင်းပြန်လန်လို့လန် ပြောချင်တာပြောပြီး နောက်ဆုံးတော့ သူ့အိမ်ကို ဆွမ်းစားပင့် (အလည်ခေါ်ထမင်းကျွေး) ပါတော့တယ်။ ထူးဆန်းပါတယ်။ အိန္ဒိယသားတွေက ပုဂံသိပ်သုံးတာမှမဟုတ်တာ ဆိုင်က၀ယ်လာပြီး အိမ်မှာ ခုံးတစ်လုံးပေါ်မှာ ဖက်ကလေးခင်းပြီး ဟင်းတွေပုံကာ ပတ္တပိုင် (ဘတ်လပိုင်) ဆွမ်းဘုန်းပေးရတယ်။ သူတို့လည်း ဗမာပြည်က လာကျတယ်ဆိုတော့ ဆွေးမျိုးသားချင်းတွေ အကုန်လုံးကို လာကြည့်ကျ. မိတ်ဆက်ကျတယ်ဗျာ။ ဗမာစကားကောင်းကောင်းတတ်တာကတော့ အသက် ၈၀ ရှိတဲ့အဖွားကြီးတစ်ယောက်တည်းပါ။ သွားတာလည်း သူ့က ပင့်လို့သွားကြတာပါ။ အဲ့ဒိနားရောက်တော့ အခြားဗမာပြည်ပြန်တွေစုပြီးနေကြလို့ ဗမာရွှာလို့ အမည်ပေးထားတဲ့ ရပ်ကွက်လေးထဲကလူတွေ တဖွဲဖွဲရောက်လာကြပြီး။ ဗမာပြည်ထုံးစံအတိုင်း အိမ်အလည်ခေါ် လဘက်ရည်တိုက် မုန့်ကျွေးကြ စကားပြောကြနဲ့ မမောနိုင်စရာ ခရီးစဉ်လေးပါ။ ပြန်ခါနီးတော့ ကားပေါ်ကနေနှုတ်ဆက်ထွက်ခွါ လမ်းတ၀က်ရော်ကတော့ ဖုန်းတစ်ကော ၀င်လာတယ်။ ပြန်ကြွခဲ့ပါဦးတဲ့။ သူတို့လည်း လိုက်ပို့ချင်လို့ စကားပြောရ့တာမ၀သေးလို့တဲ့။ စိတ်မကောင်းလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့ ဟုတ်တာပေါ့ ဗမာစကားမပြောရတာ ကြာတော့လည်း ဗမာပြည်ကိုလွမ်းမှာပဲလေလို့ တော့ တွေးမိပါတယ်။ ပြီးတော့ သူကပြောသေးတယ် ဒီနေ့ဆို ဗမာပြည်မှာ ဥပူသ်နေ့တဲ့ ဒီနေ့ ဥပုသ်စောင့်တယ် သတ်သတ်လွတ်စားတယ်တဲ့။ အဲ့ဒိအချိန် ကိုယ်တောင် ဗမာပြည်က ဥပုသ်နေ့တွေ ဘာတွေ သတိမထားမိခဲ့ပါတူး။ နိုင်ငံခြားမှာက စနေတနင်္ဂနွေ ပဲ လွမ်းမိုးတာမဟုတ်လား။ အံ့သြစရာကောင်းပါတယ် အခုလို မြန်မာချစ်ပရိတ်တွေနဲ့တွေရတော့လည်း သူတို့နဲ့ထပ်တူ လွမ်မိပါသေးတယ်။ ပြီတော့ မြန်မာပြည်မှာ ရှိတုန်းက သံလျင်ဘက်မှာနေတယ်တဲ့ အဲ့ဒိဘက်က ကိုယ်ကလည်း ရောက်ဖူးရုံလောက်သာဆိုတော့ သူတို့မေးသမျှတွေ အကုန်မဖြေနိုင်ခဲ့ပါဘူး။ ဒါနဲ့ ချနိုင်းမြို့ရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ မြို့ထဲကနေ ၂ နာရီကြာစီးကာ အလည်အပတ်ရောက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒါလည်း ဗမာပြန်တွေတည်ထားတဲ့ ရွာလေးဆီပေါ့။ မြို့နဲ့တော်တော်ဝေးဝေးပါ။ ဒါနဲ့မိုးလည်းချုပ်ပါပြီဆိုပြီး ကျန်တဲ့သွားချင်တဲ့နေရာလေးကို နောက်နေ့မှ သွားကြတာပေါ့ဆိုပြီးထိုနေ့ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ သီရီလင်္ကာ သွားမယ့်ကိုယ်တော်လေးကတော့ လေယာဉ်လက်မှတ်ကြီးကိုင်လို့ ပျော်နေရှာပါတယ်။ ထိုမှသည် ချနိုင်းလေဆိပ်သို့လိုက်ပို့ကာ လက်ပြနှုတ်ဆက်ရင်း ချနိုင်းမှသည် ဗာရာဏသီသို့သာ ဦးတည်ခဲ့ရပါတော့သည်

Thursday, March 25, 2010

ဒေလီမြို့တော်တွင် တစ်နေ့တာ

နယူဒေလီမြိ့ကို ညဘက်ရောက်သွားတော့ ဒီမြို့ကို နှစ်ရက်လောက်အချိန်ပေးလည်မယ်လို့ သဘောတူဆုံးဖြတ်ထားကြတယ်။ ညဘက်ပြန်ရောက်ရောက်ချင်း မအိပ်နိုင်သေးပါဘူး။ မနက်ဖြန်သွားမယ့် ခရီးစဉ်အတွက် ကားစီစဉ်ရအုံးမှာမို့ပါ။ ဒါနဲ့လိုက်ပို့ပေးမယ့် ဦးဇင်းက သူကမနက်ဖြန် မြန်မာပြည်က ဘုရားဖူးဧည့်သည်တွေလိုက်ပို့ပေးရမယ်တဲ့ သူတို့ကိုတော့ ကိုယ့်ဟာကို သွားဖို့နဲ့ ကားစီစဉ်ပေးမယ့်အကြောင်း ပြောပါတယ်။ ခဏလောက်နေတော့ ကားစီစဉ်ထားပြီးပြီဖြစ်ကြောင်း မနက် ၆ နာရီအရောက် ဟိုတယ်ရှေ့ကို ရောက်မည့်အကြောင်းပြောတော့ အေးအေးဆေးဆေးပဲ ညဘက်အနားယူ မနက်၅ နာရီခွဲလောက်ထရမှာကိုး။ ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေဖို့လိုတယ်လေ ဒါမှ ကိုယ်သွားမယ့်ခရီး စောစောရောက်မှာပေါ့။ ဒါနဲ့သူငယ်ချင်းသုံးယောက် မနက်စောစောထ မျက်နှာတွေသစ်လို့ မနက်စာတောင် မမှီမှာစိုးလို့ မစားလိုက်ရပါဘူး။ စောင့်ရင်းစောင့်ရင်း ၉နာရီးထိုးသွားတယ်။ ဘာကားမှရောက်မလာဘူး။

သူငယ်ချင်းဆီဖုန်းဆက်ပြီး ကားေ၇ာက်မလာသေးကြောင်း ဘယ်သူ့ကို ပြောလို့ပြောရမှန်းလည်း မသိကြောင်းပြောတော့။ သူကဖုန်းဆက်ပေးပါတယ်။ ဒါလည်းေ၇ာက်မလာဘူးလေ။ တည်းခိုတဲ့ဟိုတယ်က သူတို့လည်းလိုက်ပို့လို့ရကြောင်း ပြောပြီး ငါးမိနစ်စောင့်ပြောပြီး နာရီဝက်ကြာသည်အထိ ဖုန်းတွေဆက်နေတာကလွဲလို့ ဘာအဖြေမှ မရခဲ့ပါဘူး။ လူလည်းတော်တော်လေး စိတ်ပျက်သွားပါတယ်. နောက်တော့ ခဏခဏမေးပါများတော့ ကားတစ်စီးလွတ်ပေးပါတယ်။ အဲ့ဒိကားကိုပွဲစားကခေါ်ပေးပုံရပါတယ်။ သွားတော့လည်း လမ်းပြမပါ ရောက်တဲ့နေရာတိုင်းကို ဘယ်နေရာရောက်ပြီလဲ လမ်းညွန်စာအုပ်ပြန်ပြန်ကြည့်နေရတယ်လေ။ လူကရှေ့မှာ လမ်းညွန်ကနောက်မှာဖြစ်နေပြန်တယ်။ ဒါနဲ့သူငယ်ချင်းတစ်ပါဆီုဖုန်းဆက်ပြောတော့ အြဲ့ဒိနေရာကို အချိန်သိပ်မပေးဖို့ နောက်ထပ်သွားမယ့်နေရာက ပိုအရေးကြီးကြောင်း ပြောပါတယ်။ အဲ့ဒိနေရာကတော့ Taj Maha ဆိုတဲ့နေရာနဲ့ Agra fort ဆိုတဲ့နေရာပေါ့။ တပ်ဂ်ျမဟာမှာ လမ်းညွန်ငှါးပြီးလည်လိုက်တာ ရှုပီးသုံးရာလောက်ပေးရပါတယ်။ သူလည်း ကုလားအသံထွက်နဲ့ အင်္ဂလိပ်လိုရှင်းပြတာ နားလည်တစ်ချက်မလည်တစ်ချက်နဲ့ အဆုံးသတ်ခဲ့ပါတယ်. ခံတပ်နေရာကတော့ ယမုံနာမြစ်ဘေးတည်ရှိတော့ ယမုံနာမြစ်ရဲ့အလှအပကို ခံစားရင်း တစ်နာရီလောက် အချိန်ဖြုန်းပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှတ်သားစရာတွေရှိသလို စိတ်ပျက်စရာတွေလည်း တစ်ပုံကြီးပါ။ စားသောက်ဆိုင်မှာ မမေးဘဲစားမိလို့ ၁၀၀ တန်လောက်ကို ငါးရာလောက်ပေးရတာမျိုး။ အချိန်ကိုမလေးစားတော့ လိုရာခရီးအချိန်မီမရောက်တာမျိုးတွေ တော်တော့ကို ကြုံရပါတယ်ဗျာ။ သူငယ်ချင်းတွေကတော့ပြောတယ်. ခန္တီပါရမီဆိုတာ အိန္ဒိယမှာဖြည့်မှ ပြည့်မှာတဲ့လေ။

ဟုတ်လောက်ပါတယ်။ ဘယ်အရာမဆို နှေးနှေးလုပ်တတ်တဲ့ သူတို့လူမျိုးတွေရဲ့အကျင့်အတိုင်းပေါ့။ ဗမာလူမျိုးတွေနဲ့ကျတော့ ပြောင်းပြန်ဖြစ်ရပြန်ပါတယ်။ လည်ပတ်မယ့်နေရာသိပ်မများပေမယ့် သွားရမယ့်ခရီးက အရမ်းဝေးတော့ တစ်နေကုန်မက ညဘက်တော်တော်မိုးပြန်ချုပ်မှ နယူဒေလီမြို့ရှိ တည်းခိုတဲ့နေရာကို ပြန်ရောက်ခဲ့ပါတယ်လေ။

ဒေလီခရီးစဉ် အပိုင်း (၃)

ဒေလီခရီးစဉ် အပိုင်း (၃)


ဒေလီခရီးစဉ်အကြောင်းနည်းနည်းချင်းစီ သုံးပိုင်းခွဲရေးတာကတော့ နည်းနည်းလေးပဲရေးတတ်လို့ပါ။ ပတျာလဆိုတဲ့မြို့လေးက မြန်မာကျောင်းသားတွေ နေထိုင်တဲ့ လုံးချင်းတိုက်အိမ်လေးမှာ တစ်ညတာ ထပ်တည်းခိုပြီး မနက်မိုးလင်းတောဒေလီမြို့ကို ပြန်လာဖို့စီစဉ်ရပါတယ်။ သူငယ်ချင်းတစ်ယောက်ကပြောတယ်။ ဒေလီမပြန်ခင် အရမ်းခင်ဖို့ ကောင်းတဲ့ ဗီယက်နမ်သီလရှင်လေးတစ်ပါးက ဖိတ်လို့ သူနေတဲ့အိမ်လေးကို သွားလည်ဖြစ်ခဲ့ပါသေးတယ်။ အရမ်းဖော်ရွေးပြီး ခင်တတ်မင်တတ်တဲ့ ဆရာလေးတစ်ပါးပါ။ သူတို့နိုင်ငံအနေနဲ့ဘိက္ခုနီ လို့ခေါ်မလားမသိဘူး။ ကျောင်းတက်ရင်းခင်ခင်မင်မင် နေထိုင်ကြတဲ့ သူတို့လေးတွေကို ကြည့်ပြီး အရမ်းဝမ်းသာမိပါတယ်။ နိုင်ငံခြားမှာနေတုန်း အသိတစ်ယောက်တိုးတာဟာ အားအင်တစ်ရပ်ဖြစ်လာသလို ခံစားကြရလို့ပါ။ သူ့အိမ်မှာ ခဏတာလည်ပြီး မနက်ဆယ်နာရီလောက်မှာ ပတျာလမြို့ကနေ ဒေလီမြို့သို့ ဆက်လက်ထွက်ခွါလာခဲ့ပါတယ်။ ဒေလီကနေ လာကြိုပေးမယ့်ဦးဇင်းကတော့ ဗာရာဏသီက သူငယ်ချင်းတစ်ပါး မိတ်ဆက်ပေးတဲ့ ဦးဇင်းဦ၀ီရိယ ဆိုတဲ့ ဦးဇင်းပါ။ ဒေလီမြို့ကို ညဘက် တော်တော်လေးမိုးချုပ်မှရောက်သွားတာပါ။ လာကြိုမယ့်ဦးဇင်းကို ဖုန်းဆက်သွယ်ပြီး ချိန်းဆိုရတာလည်း တော်တော်အားနားဖို့ကောင်းပါတယ်။ လာမှမကြိုရင်လည်း မသွားတတ်ကြဘူးလေ။ ကားကွင်းရောက်တော့ လာကြိုတဲ့သူနဲ့ဆက်သွယ်ရတာကိုက လွဲနေပါသေးတယ.်။ ကားကွင်းကကြီးတော့ ကားဝင်လာတဲ့နေရာက တစ်နေရာ စောင့်ကြိုနေတဲ့နေရာက တစ်နေရာဆိုတော့လေ။ နောက်ဆုံး ဖုန်းဆက်ပြီးပြောတော့ ဖုန်းနဲ့မဟုတ်ဘဲပြောသလို အသံတွေကြားရလောက်အောင်ကို နီးနေပါတယ်။ ဒါနဲ့မောကလည်းမော ပင်ပန်းပင်ပန်းတော့ ခပ်မြန်မြန်ကားကွင်းက ထွက်ပြီး မြေအောက်ရထားနဲ့ နယူးဒေလီမြို့ရှိ တည်ခိုမယ့် ဟိုတယ်တစ်ခုကို သွားပြီး အနားယူလိုက်ပါတော့တယ်။ ဒေလီမြို့လည်ပတ်တဲ့အကြောင်းလေးကို အပိုင်း (၄) အဖြစ်ဆက်ရေးပါဦးမယ်။

ဒေလီခရီးစဉ် အပိုင်း (၂)



ဟိုတစ်ခါရေးတာ ဘယ်နားရောက်သွားမှန်းမသိတော့ မှတ်မိတဲ့နေရာကနေပဲ ဆက်ရေးပါရစေ။ အမရစ်စရာ ဆိုတဲ့မြို့လေးရဲ့ တည်နေရာကို ပြန်ရောက်လို့ တော်တော်ကြာမှဘဲ အိန္ဒယမြေပုံထဲမှာ ကြည့်ဖြစ်ပါတယ်။ ဒီမြို့လေးဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ယွန်းယွန်းမှာရှိနေတာပါ။ ညဘက်ရောက် မနက်ပြန်ဆိုတော့ ဒီမြို့လေးအကြောင်း သီးသန့်မလေ့လာဖြစ်ခဲ့ပါဘူး။ ဒီရောက်မှ guide စာအုပ်လေးကိုဖတ်ပြီး ရောက်ခဲ့တဲ့ပုံရိပ်နဲ့ တိုက်ဆိုင် ကြည့်ရပါတယ်။ ခရီးစဉ်မှာတော့ ရှေ့ကိုသွားရမယ့် ခရီးစဉ်ကိုပဲ စီစဉ်နေရတော့ ရောက်တဲ့နေရာမှာတွေ့ခဲ့တာလေးတွေကို စိတ်နဲ့မှတ်သားပြီး အခုလိုပို့လေးရေးပြီး မှတ်တမ်းတင်ဖြစ်တာပါ။ အဲ့ဒိမြို့ကနေ တစ်ဆင့် ပန်ဂျပ်ပြည်နယ်ရဲ့ မြို့တော် chandighad ဆိုတဲ့မြို့လေးကို ဆက်သွားဖြစ်ပါတယ်။ မနက်ခင်းကနေထွက်တာ နေ့လည် (၃) နာရီလောက်မှာ အဲ့ဒိမြို့ကိုရောက်သွားပါတယ်။ လည်ပတ်စရာကတော့ rose garden, rock garden, လူအတော်များများ အပန်းဖြေရာ beach တစ်ခုရယ်ဆိုပြီး သုံးနေရာလောက်တော့ ရောက်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည် အင်ယားကန်တော်နဲ့ ဆင်တူသလိုလို ခံစားရပါတယ်။ ဓာတ်ပုံရိုက် ၀ါသနာပါတာဆိုတော့ ရောက်တဲ့နေရာမှာ ဓာတ်ပုံရိုက်နေရတာနဲ့ ရှေ့ကိုသွားမယ့်ခရီးလည်း တော်တော်နှောင့်နှေးခဲ့ပါတယ်။ ခွင့်လွတ်သီးခံပြီး စောင့်ခေါ်ကြတဲံ စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို လည်း ကျေးဇူးတင်မိပါသေးတယ်။ နောက်ဆုံးမှာတော့ ကားကွင်းသွားပြီး မိမိတို့တည်းခိုရာ patalia ဆိုတဲ့ မြို့တော်ကို ပြန်လာခဲ့ပါတယ်။ ညဘက် ၈ နာရီလောက်ပြန်ရောက်ခဲ့ပါတယ်။ excursion သက်သက်သွားတာဆိုတော့ ပျော်စရာကောင်းပါတယ်။ နောက်တစ်ခါသွားဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ကျောင်းစာတွေနဲ့လုံးပမ်းနေရဦးမယ်လေ။

Thursday, March 4, 2010

နယူးဒေလီသို့အလည်တစ်ခေါက် (ပထမပိုင်း)













အိန္ဒိယနိုင်ငံရောက်တာလည်းတစ်နှစ်တင်းတင်းပြည့်ပြီးလို့နေပါပြီ။နယူဒေလီမြို့ဆိုတာသံရုံးတွေတည်ရှိရာ နိုင်ငံတော်အကြီးအကဲတွေနေထိုင်ရာမြို့တော်လို့သိခဲ့ပေမယ့်ခရီးမဆိုက်ရောက်ဖြစ်ခဲ့ပါဘူး။တစ်ယောက်တည်းလည်း မသွားရဲမသွားတတ်။အဖော်ကမရှိဘူးလေ။တစ်နေ့တော့သူငယ်ချင်းတစ်ယောက်ကဒေလီသွားဖို့အဖော်ညှိတာနဲ့
စီစဉ်ပြီးသားခရီးစဉ်ကိုဖျက်ပြီး ဒေလီမြို့တော်ဆီကို ခရီးဆက်ခဲ့ပါတော့တယ်။ သူငယ်ချင်းနှစ်ယောက်ရယ် ကျွန်တော်ရယ်ဆို သုံးယောက်ပေါ့။ ပျော်ဖို့ကောင်းပါတယ်။ စိတ်တူကိုယ်တူကိုဗျ။ နိုင်ငံအတွင်း ခရီးထွက်တာ ဒီတစ်ခါဒုတိယအကြိမ်မြောက်ပေါ့။ အရင်တစ်ခါကတော့ သံဝေဇနိယ လေးဌာနကို စုပြီးဘုရားဖူးသွားကြတယ်။ လူများတော့လည်း တစ်မျိုးပျော်စရာကောင်းတာပေါ့။

အခုခရီးစဉ်ဟာ သုံးယောက်တည်းဆိုပေမယ့် ဒေလီမြို့တော်အပြင် ဒေလီကနေ ငါးနာရီလောက်ထပ်ပြီး ခရီးဆက်ရတဲ့ ပန်ဂျပ်ပြည်နယ်ကိုပါ ဆက်သွားဖြစ်ခဲ့ပါတယ်။ ပန်ဂျပ်ဆိုတော့ ပန်ဂျာပီလူမျိုးတို့နယ်မြေပေါ့။ ကုလားလူမျိုးတစ်မျိုးပါပဲ။ ပန်ဂျာပီကုလားပေါ့။ ဘာသာကတော့ sik ဘာသာလို့ပြောတာပဲ။ နီးစပ်တဲ့သူငယ်ချင်း တစ်ပါးကိုမေးကြည့်တော့ သူလည်း ကြားဖူးရုံပဲရှိတာ အသေအချာမသိဘူးလို့ပြောပါတယ်။ ပြည်နယ်လေးက အရမ်းသန့်ရှင်းပြီး လူဦးရေလည်းနည်းပါးပါတယ်။ ဗမာနိုင်ငံကိုတောင် အဲ့ဒိပြည်နယ်ရောက်တော့ ပြန်လည်အောက်မေ့မိပါသေးတယ်။ ဘာသာတရားကို အရမ်းလေးစားကြပါတယ်။ ပန်ဂျပ်ကိုရောက်တော့ ပြည်နယ်မြို့တော့မဟုတ် မြန်မာစာသင်သားရဟန်းတော်တွေ သီတင်းသုံးတဲ့ ပတျာလဆိုတဲ့ မြို့လေးတစ်မြို့မှာ နှစ်ညတာခိုးပြီး ပြည်နယ်အတွင်းကို လှည့်လည်ခရိးသွားခဲ့ပါတယ်။ ပထမဦးဆုံးအလည်သွားတာကတော့ amariccara အမရစ်စရာ လို့ခေါ်တဲ့နယ်စပ်မြို့လေးပေါ့။ နယ်စပ်ဆိုတာကတော့ ပန်ဂျပ်ပြည်နယ်ရဲ့အဆုံးမှာ ပါကစ်စတန်နိုင်ငံရှိလို့ပါ။ ဘာကြောင့် အမရစ်စရာလို့ခေါ်တာလည်းတော့ မစပ်စုခဲ့မိပါဘူး။ လိုက်ပို့ပေးတဲ့သူ စိတ်ညစ်သွားမှာစိုးလို့ပါ။ တည်းခိုတဲ့ ပတျာလဆိုတဲ့မြို့ကနေ အမရစ်စရာ မြို့ကို၁၁နာရီလောက်ကားစီးရပါတယ်။
အဲ့ဒိမြို့ကိုရောက်ရောက်ချင်းတည်းခိုဖို့အခန်းငှါးပြီးရေးမိုးချိုးနေ့လည်ဆွမ်းစားကာနယ်စပ်ဂိတ်ကိုအလည်သွားဖြစ်ကြပါတယ်။ တော်တော်ဝေးပါတယ်။ခရီးကလည်းပင်ပန်းတော့အော်တိုကားပေါ်မှာမရောက်နိုင်တော့ဘူးလားတောင်ထင်ရပါတယ်။ ကားသမားကလည်း စကားတစ်ခွန်းမှမပြောတော့ ပိုးဆိုးတာပေါ့။ ပြောတော့လည်း ကိုယ့်ကနားမလည်ဘူးလေ။ မပြောတော့လည်း နားလည်ဟန်မဆောင်ရတော့ဘူးပေါ့။ သူတို့ပြောတော့ ကိုကပြန်ပြုံးပြနေရတာက အလုပ်တစ်ခုလိုဖြစ်နေတာကို။ လိုက်ပို့တဲ့သူငယ်ချင်းကတော့ ပြောပါတယ်။ သူလည်း တစ်ခါမှမရောက်ဘူးသေးဘူးတဲ့။ ယောက်ျားလေးတွေပဲ မေးမြန်းသွားကြတာပေါ့လို့ဆိုလာပါတယ်။ ဘာမသိညာမသိ သဘောတူပြီး သွားလိုက်ကြတာ ရောက်တော့ရောက်သွားပါတယ်။

ကားသမားကရောက်ပြီလို့ပြောတာကို ကားပေါ်ကဆင်းရတော့တာပေါ့။ ရောက်ပြီဆိုလို့သာ ဆင်းလိုက်ရတာ ဘယ်ကိုရောက်လို့ရောက်မှန်းလည်းမသိဘူး။ ပို့ခိုင်းတာက ဘုရားကျောင်း ပို့ပေးတာက နယ်စပ်ဂိတ်ကို။ နယ်စပ်ဂိတ်ရောက်တော့ သုံးယောက်သား ဘုရားကျောင်းရောက်ပြီပေါ့။ ဟိုဟာဘုရားကျောင်းပဲ လို့ကိုက မသိဘဲနဲ့ပြောလိုက်တာ သူတို့ကလည်း ယုံတယ်လေ။ နောက်မှရောက်သွားတာက နယ်စပ်ဂိတ်ကြိး။ အဲ့ဒိကျမှဘဲ အော် ငါ့တို့နယ်စပ်ဂိတ်ရောက်ပြီပေါ့။ ဒါနဲ့လူအုပ်ကြားထဲတိုးဝှေးပြီး ချစ်ကြည်ရေး ပြပွဲကို ကြည့်ရပါတော့တယ်။ စည်ကားလိုက်တာလူတွေ ဘယ်အချိန်ကရောက်နေကြမှန်းကိုမသိပါဘူး။
ကားတွေကလည်း တန်းစီပြီးကိုရောက်နေကြတာလေ။ နေ့တိုင်းတစ်နေ့ကို နှစ်ကြိမ် စစ်ေ၇းပြကြပါတယ်။ မနက်ခင်းဆို ဂိတ်ဖွင့်ပေါ့။ ညနေပိုင်းကြတော့ ဂိတ်ပိတ်ဆိုပြီး လုပ်ကြတယ်လေ။ တစ်ချို့ကတော့ အဲ့ဒိအချိန်ကိုအမှီသွားပြီး ကြည့်ကြသလို နိုင်ငံခြားသားတွေကတော့ နယ်စပ်မြို့လေးမှာ တည်းခိုပြီး အရောက်သွားကြည့်ကြတယ်။ ကျွန်တော်တို့ကတော့ အပိတ်တစ်ခုသာကြည့်ပြီး ကျန်တဲ့သွားစရာရှိတာကို ဆက်သွားရပါတယ်။ အဲ့ဒိကနေပြန်လာတော့ ည၈နာရီလောက်ရှိပါပြီ။ ဒါနဲ့ မသွားမဖြစ်သွားရမယ့် နေရာတစ်ခုဖြစ်တဲ့ ရွှေဘုရားကျောင်းဆိုတာကို အရောက်သွားဖြစ်ခဲ့ပါတယ်။ လှလိုက်တာဗျာ။

ကျွန်တော်ကလည်း အလှကြိုက်တာဆိုတော့ မပြောပါနဲ့တော့ ရိုက်လိုက်ရတဲ့ဓာတ်ပုံ ဓာတ်ခဲတောင်ကုန်လုနီးပါးပါပဲ။ ရွှေဘုရားကျောင်းထဲဝင်မယ်ဆိုရင်တော့ စည်းကမ်းချက်လေးတော့ သတ်မှတ်ထားပါတယ်။ မ၀င်ခင် ခြေထောက်ဆေး။ လက်ဆေး။ ပလုတ်ကျင်း။ ခေါင်းစည်းလေးတစ်ခုဝယ်ရတယ် Golden Temple စာတမ်းပါ ခေါင်းစီးလေးပါ။ သူတို့ယဉ်ကျေးမှုလေးပါ။ ချစ်စရာကောင်းပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်တည်းခိုတဲ့နေရာကနေ ကားကိုအပြတ်ငှါးသွားတာ. ရွှေဘုရားကျောင်းလည်းရောက်ရော ကားသမားက သူပြန်မယ်တဲ့ သူ့ကိုကားခပေးဖို့ပြောပါတယ်။ အင်္ဂလိပ်စကားလည်း တစ်လုံးမှနားလည်ပုံမရပါဘူး။ ကိုယ်ကလည်း သူပြောတဲ့ကုလားစကား နည်းနည်းပါးပါးပဲသိတော့ အပေးအယူမမျှဖြစ်ကြတာပေါ့။ ကိုယ်ပြောချင်တာက မင်းကိုငါ ခရိးစဉ်အစအဆုံးငှါးထားတာ ငါ့တို့ဒီကျောင်းထဲကိုခဏ၀င်မယ်။ မင်းစောင့်နေပါဦးလို့ပြောချင်တာ အင်္ဂလိပ်ပြောတော့ သူကတစ်လုံးမှနားမလည် ဒါနဲ့ဘေးက ကုလားတစ်ယောက်ကိုအကူညီတောင်းတယ် သူဘာပြောနေတာလဲပေါ့။ ဒါနဲ့ကုလားကသူ့ဘာသာစကားနဲ့ ရှင်းပြပါတယ်။ သူပြောချင်တဲ့စကားကိုလည်း အဲ့ဒိလူကနေတစ်ဆင့် ပြောပါတယ်။ ငါတို့က ဒီဘုရားကျောင်းပြီးရင် တည်းခိုမယ့် နေရာကိုပြန်မှာ မင်းလိုက်ပို့ပါဦးပေါ့။ သူကလည်း အထဲဝင်သွားရင် ပြန်ထွက်မလာမှာစိုးလို့ ပိုက်ဆံပေးခဲ့ဖို့တောင်းပါတယ်။ ကိုယ်ကလည်း ခရီးစဉ်မဆုံးသေးတော့ မပေးသေးဘူးပေါ့။ ဒါနဲ့ငွေငါးဆယ်လျှော့ပြီး ရူပီး ၄၅၀ ပေးပြီးပြန်လွှတ်လိုက်တယ်။ မယုံလို့ထင်ပါတယ်။ ဟုတ်လည်းဟုတ်တယ်လေ။

ရွှေဘုရားကျောင်းကြီးထဲဝင်ဝင် တော်တော်နဲ့အပြင်ပြန်မရောက်နိုင်ဘူးလေ။ အနည်းဆုံးတစ်နာရီလောက်ကြာတာကို ကိုယ်ကတစ်ခါမှမရောက်ဘူးတော့ မသိဘူးလေ။ ဘုရားကျောင်းထဲကအထွက်ရောက်တော့ ည ၉နာရီကျော်လောက်ရှိသွားပြီ။ ကားသမားက မေးတယ် ဘယ်သွားမလဲတဲ့။ ငါ့တို့ကားဂိတ်နားမှာတည်းခိုတယ်။ အဲ့ဒိကိုပြန်မလို့ပေါ့။
သူကမေးတယ်လေ။ ဟော်တယ်လိပ်စာကဒ်ပါလားတဲ့ ဒါနဲ့တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး သူလည်းမပါငါလည်းမပါပေါ့။ ဒါနဲ့ဒီမြို့မှာ ကားကွင်းဘယ်နှစ်ကွင်းရှိလည်းလို့ မေးလိုက်တယ်။ သူက ကားကွင်းနှစ်ကွင်းပဲရှိတယ်တဲ့။ ဒါဆို တစ်ခုမဟုတ်တစ်ခုတော့ ဟုတ်မှဘဲဆိုပြီး မင်းသိတဲ့ကားကွင်းကိုမောင်းကွာလို့ဆိုပြီး မောင်းခိုင်းလိုက်တယ်။ သူကတော့ ပို့ပါတယ်။ ဟုတ်လားဆိုတော့ မဟုတ်ဘူးလို့ပြောတော့ နောက်တစ်ကွင်းကိုပို့တယ်။ ဒါလည်းမဟုတ်ပြန်ဘူးပေါ့။ ကားသမားလေးလည်း တော်စိတ်လေသွားခဲ့ပါတယ်။ အမှန်ကတော့ ပထမဦးဆုံးပို့တဲ့ ကားကွင်းကအမှန်ပါ။ ဘယ်လိုဖြစ်လဲဆိုတော့ ကိုယ်တည်းခိုတဲ့တည်းခိုခန်းက အဲ့ဒိကားကွင်းရဲ့ရှေ့တည့်တည့်မှာတည်းတာ။ သူပို့တာက အဲ့ဒိကားကွင်းရဲ့နောက်ဘက်ဘေးရောက်နေတယ်။ ခဏတဖြုတ်ဆိုတော့ ကားကွင်းလို့ဘဲမှတ်မိတယ်။ ဟိုဘက်မျက်နှာစာ ဒီဘက်မျက်နှာစာအတိကျမမှတ်လိုက်ဘူး။ ငါတို့ထွက်လာတုန်းက ဒီဆိုင်းဘုတ်တွေတွေ့ပါတယ်ပေါ့။ ဒီနားတစ်ဝိုက်မှာဘဲရှိနိုင်တယ်ပြောတော့လည်း ပထမတစ်ခါတုန်းက ငြင်းထားတော့ ကားသမားကလည်း အဲ့ဒိနေရာကိုပြန်မမောင်းတော့ဘူး။ ပြန်မောင်းခိုင်းလည်းမမောင်းပေးတော့ဘူး။ ဒါနဲ့ ပထမတစ်ခါ မေးတုန်းကတော့ ကုလားတစ်ယောက်ကပြောတယ်။ မျက်စိလည်ရင် ကုလားတွေကိုမမေးနဲ့တဲ့။ ခေါင်းပေါင်းပါတဲ့ ပန်ဂျာပီလူမျိုးတွေကိုမေးပါတဲ့။ ဘာကြောင့်ဒီလိုပြောတာလဲဆိုရင် ပန်ဂျာလူမျိုးတွေက ဘာသာတရားလေးစားပြီ စိတ်ကောင်းရှိကြတယ်လေ။ သူတို့ပြည်နယ်ရောက်သွားရင် ကိုယ့်နိုင်ငံလေးကိုပြန်ရောက်နေသလိုပဲ ခံစားရပါတယ်။ မိန်းကလေးလေးတွေ ၀တ်တာစားတာကအစ မြန်မာမိန်းကလေးတွေနဲ့တူတယ်လေ။ စကားကတော့ ဟိန္ဒီဘာသာနဲ့ပဲပြောကြပါတယ်။ ဒါနဲ့ ပထမကားသမားလေးကို အဖိုးအခပေးပြီး ပြန်တော့ပေါ့။ ငါတို့ဘာသာ ငါတို့လမ်းလျှောက်သွားပြီး ရှာလိုက်တော့မယ်လို့ ပြောလိုက်ပါတယ်။ ကောင်းလေးကလည်း သူဝန်ဆောင်မှုပေးတာ မပြည့်စုံလို့ ဆင်းသွားတယ်ဆိုတာ သဘောပေါက်ပုံရပါတယ်။ တွေ့ပြီလား ဘယ်ဟာလဲတဲ့ မေးတယ်။ မတွေ့ပါဘူး ဒီနားတစ်ဝိုက်မှာ ငါတို့ရှာလိုက်မယ် ငါ့ညီကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းလေး ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။
အခုနပြောတဲ့ ခေါင်းပေါင်းပါတဲ့ ပန်ချာပီလူမျိုး ကားသမားတစ်ယောက်ကို ထပ်ငှါးပြန်တယ်. အချိန်ကလည်း တော်တော်လေးလင့်သွားပါပြီ။ မျက်စိလည်နေတော့ ပြန်မရောက်နိုင်ဘူး။ ဒါနဲ့တစ်ယောက်တစ်ပေါက် ပြောကြဆိုကြတာပေါ့။ မတွေ့လည်း နောက်တည်းခိုခန်းတစ်ခုငှါးမယ်ပေါ့။ နောက်တစ်ယောက်က ဟာ.ဘယ်ဖြစ်မလဲ ဒီညတွေ့အောင်ကိုရှာမယ်တဲ့။ ဒါနဲ့ကားသမားကိုပြောပြတယ်။ ငါတို့ ပတျာလဆိုတဲ့မြို့ကနေ ဒီမြို့ကိုလာတယ်။ ကားကွင်းရောက်တော့ ကားကွင်းအနီးတည်ခိုခန်းတစ်ခုမှာတည်းတယ်။ အဲ့ဒိကိုသွားချင်တယ် လိုက်ပို့ပေးပါ။ သေချာတော့မမှတ်မိတော့လို့ ဆိုပြီးပြောပြလိုက်တယ်။ သူလိုက်ပို့တဲ့အခါကျတော့ ငါးမိနစ်အတွင်းမှာပဲ တည်းခိုတဲ့နေရာကို ရောက်သွားပါတော့တယ်။ မနက်လည်း ခရီးဆက်ရမယ်ဆိုတော့ လူတွေလည်း ကားစီးရတာနဲ့တင် ပင်ပန်းလှပြီမို့ ဘာမှမပြောနိုင်တော့ဘဲ အိပ်ရာထက်ဆီသို့ ကိုယ်စီကိုယ်စီ သွားကြပါလေရော့။