ဒေလီခရီးစဉ် အပိုင်း (၃)
ဒေလီခရီးစဉ်အကြောင်းနည်းနည်းချင်းစီ သုံးပိုင်းခွဲရေးတာကတော့ နည်းနည်းလေးပဲရေးတတ်လို့ပါ။ ပတျာလဆိုတဲ့မြို့လေးက မြန်မာကျောင်းသားတွေ နေထိုင်တဲ့ လုံးချင်းတိုက်အိမ်လေးမှာ တစ်ညတာ ထပ်တည်းခိုပြီး မနက်မိုးလင်းတောဒေလီမြို့ကို ပြန်လာဖို့စီစဉ်ရပါတယ်။ သူငယ်ချင်းတစ်ယောက်ကပြောတယ်။ ဒေလီမပြန်ခင် အရမ်းခင်ဖို့ ကောင်းတဲ့ ဗီယက်နမ်သီလရှင်လေးတစ်ပါးက ဖိတ်လို့ သူနေတဲ့အိမ်လေးကို သွားလည်ဖြစ်ခဲ့ပါသေးတယ်။ အရမ်းဖော်ရွေးပြီး ခင်တတ်မင်တတ်တဲ့ ဆရာလေးတစ်ပါးပါ။ သူတို့နိုင်ငံအနေနဲ့ဘိက္ခုနီ လို့ခေါ်မလားမသိဘူး။ ကျောင်းတက်ရင်းခင်ခင်မင်မင် နေထိုင်ကြတဲ့ သူတို့လေးတွေကို ကြည့်ပြီး အရမ်းဝမ်းသာမိပါတယ်။ နိုင်ငံခြားမှာနေတုန်း အသိတစ်ယောက်တိုးတာဟာ အားအင်တစ်ရပ်ဖြစ်လာသလို ခံစားကြရလို့ပါ။ သူ့အိမ်မှာ ခဏတာလည်ပြီး မနက်ဆယ်နာရီလောက်မှာ ပတျာလမြို့ကနေ ဒေလီမြို့သို့ ဆက်လက်ထွက်ခွါလာခဲ့ပါတယ်။ ဒေလီကနေ လာကြိုပေးမယ့်ဦးဇင်းကတော့ ဗာရာဏသီက သူငယ်ချင်းတစ်ပါး မိတ်ဆက်ပေးတဲ့ ဦးဇင်းဦ၀ီရိယ ဆိုတဲ့ ဦးဇင်းပါ။ ဒေလီမြို့ကို ညဘက် တော်တော်လေးမိုးချုပ်မှရောက်သွားတာပါ။ လာကြိုမယ့်ဦးဇင်းကို ဖုန်းဆက်သွယ်ပြီး ချိန်းဆိုရတာလည်း တော်တော်အားနားဖို့ကောင်းပါတယ်။ လာမှမကြိုရင်လည်း မသွားတတ်ကြဘူးလေ။ ကားကွင်းရောက်တော့ လာကြိုတဲ့သူနဲ့ဆက်သွယ်ရတာကိုက လွဲနေပါသေးတယ.်။ ကားကွင်းကကြီးတော့ ကားဝင်လာတဲ့နေရာက တစ်နေရာ စောင့်ကြိုနေတဲ့နေရာက တစ်နေရာဆိုတော့လေ။ နောက်ဆုံး ဖုန်းဆက်ပြီးပြောတော့ ဖုန်းနဲ့မဟုတ်ဘဲပြောသလို အသံတွေကြားရလောက်အောင်ကို နီးနေပါတယ်။ ဒါနဲ့မောကလည်းမော ပင်ပန်းပင်ပန်းတော့ ခပ်မြန်မြန်ကားကွင်းက ထွက်ပြီး မြေအောက်ရထားနဲ့ နယူးဒေလီမြို့ရှိ တည်ခိုမယ့် ဟိုတယ်တစ်ခုကို သွားပြီး အနားယူလိုက်ပါတော့တယ်။ ဒေလီမြို့လည်ပတ်တဲ့အကြောင်းလေးကို အပိုင်း (၄) အဖြစ်ဆက်ရေးပါဦးမယ်။
No comments:
Post a Comment
ချိုသာသောစကားများ ထားခဲ့ပါ။